ခင်ဦးမှာ စစ်ကော်မရှင်နဲ့ပျူတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရ (တိုက်ပွဲ ရုပ်/သံ)

Опубликовано: 11 Сентябрь 2026
на канале: Federal FM Radio
47,303
1.4k

ခင်ဦးမှာ စစ်ကော်မရှင်နဲ့ပျူတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရ (တိုက်ပွဲ ရုပ်/သံ)

ဖက်ဒရယ် FM | နိုဝင်ဘာလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ခင်းဦးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက် ကစဉ့်ကလျားထွက်ပြေးရတယ်အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ၄ ရက်ကြာ အထိုင်ချနေတဲ့ အင်အား ၁၈၀ လောက်ရှိတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီးပူးပေါင်း စစ်ကြောင်းဟာ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ပျဥ်ထောင် (ပျူစောထီးရွာ)ကို ထွက်လာစဉ် အမှတ်(၂)ရွှေဘိုခရိုင်၊ အမှတ်(၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပ.က.ဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပ.က.ဖ တွေ၊ ခင်ဦးမြို့နယ် ပ.လ.ဖ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းပျက်ပြီး ယာယီအထိုင်ချထားတဲ့ မုံလှရွာထဲကို ကစဉ့်ကလျားဆုတ်ပြေးသွားတယ်လို့ ခင်ဦးမြို့နယ် ပ.က.ဖ က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကော်မရှင်နဲ့ ပျူစောထီးတွေ အလောင်းများစွာကျန်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကတော့ တစုံတရာထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

“နယ်မြေရှင်းလင်းရေးမလုပ်ရတော့ အလောင်းတွေ ဘယ်လောက်ကျန်ခဲ့လဲဆိုတာတော့ မပြောနိုင်သေးဘူးဗျ။ စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ခဲ့တာတော့ မှတ်တမ်းပုံတွေအရ သိရပါတယ်” လို့ တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်က ဖက်ဒရယ် FM ကို ပြောပါတယ်။

တိုက်ပွဲအပြီးမှာတော့ စစ်ကော်မရှင်တပ်ဘက်က ငါးကြင်းမြှီးစက်သေနတ် ၁ လက်၊ MA-1 သေနတ် ၁၀ လက်၊ MA-2 သေနတ် ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 သေနတ် ၃ လက်၊ MA-4 သေနတ် ၁ လက်၊ G-3သေနတ် ၄ လက်၊ MAS Sniper သေနတ် ၁ လက်၊ M1 ၅ လက်နဲ့ ကျည်၊ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ခင်ဦး (ပ.က.ဖ)
#ခင်ဦးမြို့နယ် #စစ်ကြောင်း #တိုက်ခိုက် #သေဆုံး #WhatIsHappeningInMyanmar #FreeAllJournalists