ကျားဖြန့်လုပ်သားတွေ ထိုင်းဘက်က လက်မခံသေးလို့ သောင်ရင်းမြစ်ကမ်းမှာ သောင်တင်နေ

Опубликовано: 05 Сентябрь 2026
на канале: Federal FM Radio
245
6

KNU ကယ်ထုတ်လာတဲ့ ကျားဖြန့်လုပ်သားတွေ ထိုင်းဘက်က လက်မခံသေးလို့ သောင်ရင်းမြစ်ကမ်းမှာ သောင်တင်နေ

ဖက်ဒရယ် FM | နိုဝင်ဘာလ ၂၇ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ DKBA ထိန်းချုပ်ရာ မင်းလက်ပံကျေးရွာ ကျားဖြန့်လုပ်ငန်းခွင်ကနေ KNU ကယ်ထုတ်လာတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေကို ထိုင်းဘက်က လက်မခံသေးတဲ့အတွက် အခုည သောင်ရင်းမြစ်ကမ်းမှာ သောင်တင်နေကြပါတယ်။

“ပထမ ထိုင်းဘက်က နေ့ခင်းပိုင်းပို့ဆိုတာနဲ့ ကျနော်တို့ ဒီနေ့ နေ့လည် ၂ နာရီကတည်းက ဒီလူတွေကို ပြန်ပို့တာ။ ဒါပေမဲ့ ကားစီစဉ်နေလို့ ၊ နေရာမရှိသေးလို့ စသဖြင့် အကြောင်းပြချက်တွေနဲ့ ထိုင်းဘက်က လက်မခံသေးဘူး။ အကုန်လုံး ဆောင်းညကြီး အခု သောင်ရင်းမြစ်ကမ်းပေါ်မှာ မီးတွေ လှုံပြီးစောင့်နေရတယ်။ မနက်ကြရင်လည်း ခေါ်မှာလား မခေါ်ဘူးလား မသေချာသေးဘူး” လို့ အဲ့ဒီနေရာကို ရောက်ရှိနေတဲ့ ဖက်ဒရယ် FM ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ သောင်ရင်းမြစ်ကမ်းမှာ စောင့်နေရတဲ့ နိုင်ငံစုစုပေါင်း ၈ ခုလောက်က လူဦးရေ ၃၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်လောက်က ထိုင်းနိုင်ငံကနေ DKBA လက်ထဲရောက်ပြီး ကျားဖြန့်လုပ်သားဖြစ်လာတဲ့ မလေးရှားနိုင်ငံသားတစ်ဦးက “ကျနော်တို့ အခု မြန်မာ-ထိုင်းနယ်စပ်မှာရှိနေတယ်။ ကျနော်တို့ အရမ်းအေးတယ်၊ ဗိုက်ဆာတယ်၊ အရမ်းပင်ပန်းနေပြီ။ လက်နက်ကြီးကလည်း တစ်ဂျိမ်းဂျိမ်းချနေတာ။ အရမ်းလည်း အန္တရာယ်များတယ်။ ကျနော်တို့ အကူအညီလိုအပ်နေပါတယ်” လို့ ဖက်ဒရယ် FM ကို ပြောပြပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးပစ်ခတ်သံတွေ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အသံတွေလည်း ဆက်တိုက်ဆိုသလို ကြားနေရတဲ့အတွက် ကျားဖြန့်လုပ်သားတွေ အားလုံး ကြောက်လန့်နေကြတယ်လို့လည်း သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က မင်းလက်ပံကျေးရွာအတွင်းမှာရှိနေတဲ့ DKBA စခန်းတစ်ခုကို KNU က ဝင်ရောက်စီးနင်းခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက်ဖမ်းဆီးခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကော်မရှင်နဲ့ တိုက်ပွဲဖြစ်နေတုန်း DKBA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုင်းကျော်လှ ရဲ့ လက်အောက်ခံ ရဲဘော်တွေက စစ်ကော်မရှင်ဘက်က ပါဝင်တိုက်ခိုက်ခဲ့တဲ့အတွက် DKBA စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း ၊ အဲ့ဒီကနေ ကျားဖြန့်လုပ်ငန်းခွင်ကိုပါ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲ့ဒီ ကျားဖြန့်လုပ်ငန်းခွင်ကနေ တွေ့ရှိ သိမ်းဆည်းရမိထားတဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တွေထံ လွှဲပြောင်းပေးသွားမယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

#ကျားဖြန့် #သောင်ရင်းမြစ်ကမ်းမှာသောင်တင် #ထိုင်းကလက်မခံသေးသဖြင့် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists

Website - https://federalfmradio.com
YouTube -    / @federalfmradio  
Telegram - https://t.me/federalfm
Facebook -   / federalfmradio  
Instagram -   / federalfmradio